 ဇူလိုင်  ၁၁ ရက်နေ့ဆိုရင် ဒွေးကွယ်လွန်တာ ၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။   ညီဖြစ်သူသားညီကတော့ အစ်ကို ဖြစ်သူရဲ့မွေးနေ့ ရောက်ရင်လည်း  အစ်ကိုဖြစ်သူကိုရည်စူးပြီး အလှူလုပ်ပေးဖြစ်သလို၊ ကွယ်လွန်ခြင်း ၁  နှစ်ပြည့်တဲ့နှစ်တိုင်း အလှူတွေ လုပ်ဖြစ်ခဲ့ပါတယ်။  ဒီနှစ်ဇူလိုင်၁၁ရက်ဒွေးရဲ့(၄)နှစ်ပြည့်မှာလည်း အစ်ကို ဖြစ်သူရဲ့ဇနီးဖြစ်သူ  မမိုးမိုးနဲ့အတူ မှော်ဘီကဘုန်းကြီးကျောင်းမှာ ဘုန်းကြီးဆွမ်းကျွေးမှာ  ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ ကွယ်လွန်ခြင်း၎ နှစ်ပြည့်  ဘုန်းကြီးဆွမ်းကျွေးအလှူအတွက် မမိုးမိုးက ပြည်ပက နေ၇ ရက်နေ့မှာ  ပြန်ရောက်လာမှာဖြစ်ကြောင်း သားညီထံမှသိရပါတယ်။ ဇူလိုင် ၁၁ ရက်နေ့  ရောက်တိုင်း အစ်ကိုဖြစ်သူဆုံးသွားတဲ့ အဖြစ်အပျက်တွေကို  မျက်စိထဲပြန်မြင်ယောင်မိပြီး နှစ်တိုင်းလည်းသားညီက မျက်ရည်ကျခဲ့မိပါတယ်။  အချိန်တွေကြာလာတာနဲ့အမျှ ကြိုးစားပြီးတော့ အတတ်နိုင်ဆုံးမေ့ပစ်ပေမယ့်  အခုအချိန်ထိကို မေ့လို့မရသေးဘူးလို့ သားညီက ပြောပါတယ်။  သားညီနဲ့ဒွေး  ညီအစ်ကိုနှစ်ယောက် ပေါင်းပြီး ရိုက်ခဲ့တဲ့ဇာတ်ကားပေါင်း ၄ဝ  ကျော်လောက်ရှိခဲ့ပြီး ရိုက်ခဲ့တဲ့ဇာတ်ကားတိုင်းကလည်း သူ့အတွက်  အမှတ်ရစရာကားတွေချည်းပဲဖြစ်ပြီး၊ အခုချိန်အထိမမေ့နိုင်တဲ့ အမှတ်တရအဖြစ်ဆုံး  ကားတစ်ကားနဲ့ ပတ်သက်ပြီး ”အဲဒီကားကအစ်ကိုရယ်၊ ကျွန်တော်ရယ်၊  မထက်ထက်မိုးဦးနဲ့ပါ။ အဲဒီကားက သင်္ချိုင်းမှာရိုက်တဲ့အခါ သူကကျွန်တော့်ကို  စကားလေး တစ်ခွန်းပြောတယ်။ ငါတို့တွေ ဟန်ဆောင်ပြီးတော့ပဲ ခဏခဏငိုနေရတယ်တဲ့။  သားညီတဲ့ ငါသေရင်ရော မင်းငိုမှာလားဆိုပြီး အဲဒီစကားလေးမေးတယ်။ အဲဒါနဲ့  ကျွန်တော်ကလည်း ဟာ..အစ်ကိုကလည်း နိမိတ်မရှိ၊  နမာမရှိငိုမှာပေါ့လို့ဖြေလိုက်တယ်။ ဒါပေမဲ့ သူတစ်ကယ်သေသွားတဲ့အချိန်မှာ  ကျွန်တော်ငိုလို့မရခဲ့ပါဘူး။ နောက်ဆုံးကျွန်တော့်ရဲ့အစ်ကို  ကိုရန်အောင်အရိုးပြာလေး ယူလာတဲ့အချိန်ကျမှ ကျွန်တော်ငိုလို့ ရခဲ့တယ်။  အမှန်တကယ်ပါလို့ လက်ခံလို့မရခဲ့ဘူး။ အရိုးပြာအိုးလေး သယ်လာတဲ့အချိန်ကျမှ  ဒီအဖြစ်အပျက်ကြီးက တကယ်ပါလားဆိုပြီး ကျွန်တော်လက်ခံလို့ရခဲ့တယ်” လို့  ပြောပါတယ်။ ဒွေးနဲ့သားညီတို့ရဲ့ ‘တစ်ယောက်တစ်ဝက်’ အခွေ က တိပ်နဲ့ စီဒီကို  ဖြန့်ချိခဲ့ပြီးပြီ ဖြစ်ပေမယ့် ပရိသတ်တွေသိပ်မသိခဲ့ပါဘူး။  ဗီစီဒီအနေနဲ့လည်းမထွက်ဖြစ်ခဲ့ဘဲ Movie5 ကနေပဲပြလိုက်ကြောင်း သိရပါတယ်။  တချို့ ပရိသတ်တွေဆိုရင် ဒီအခွေကိုမထွက်သေးဘူးလို့ ထင်နေကြတယ်လို့သားညီက  ပြောပါတယ်။ သားညီက နယ်တွေရောက်တဲ့အခါမှာတော့ ဒီအခွေကိုမေတ္တာလက် ဆောင်အဖြစ်  ပရိသတ်တွေကိုဝေပေးလေ့ရှိပါတယ်။

Friday, May 4, 2012
ဒွေးကွယ်လွန်ခြင်း ၄ နှစ်ပြည့်အတွက် ဇနီးဖြစ်သူမိုးမိုးနဲ့ ညီဖြစ်သူသားညီတို့မိသားစု မှော်ဘီမှာ ဘုန်းကြီးဆွမ်းကပ်မည်

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment