-->

Friday, May 4, 2012

သူတို့ ဘယ်သူ့ကို အနှစ်သက်ဆုံးလဲ

အနုပညာနယ်ပယ်မှာ အနုပညာရှင် တွေဟာ သူတို့ဖန်တီးတင်ဆက်ခွင့်ရတဲ့ တစ်ထောင့်တစ်နေရာ ကနေ ကိုယ်ကိုယ်တိုင် စိတ်ကျေနပ်မှု ရရှိသလို အခြားသူတွေရဲ့ အနုပညာ တင်ဆက်မှုတွေကိုလည်း နှစ်သက်နေကြမှာပါ။ ဒါကြောင့် အနုပညာရှင်တွေထဲက သရုပ်ဆောင်နဲ့  ‘သရုပ်ဆောင်အကြိုက် အဆိုတော်၊ အဆိုတော် အကြိုက် သရုပ်ဆောင်’ရယ်လို့ တင်ဆက် လိုက်ပါတယ်။
သရုပ်ဆောင်ကြိုက်တဲ့အဆိုတော်
ICရယ်၊   ကိုထူးအိမ်သင် ရယ်။ ဒါကျွန်တော် စွဲစွဲမြဲမြဲ ကြိုက်ခဲ့တဲ့ အဆိုတော် တွေပေါ့နော် . . .
မြင့်မြတ်
“ကျွန်တော်တို့ လူပျိုပေါက်စ အရွယ်က စကြိုက်ခဲ့တာဆိုရင် IC ရယ်၊ ကိုထူးအိမ်သင်ရယ်။ ဒါကျွန်တော် စွဲစွဲမြဲမြဲ ကြိုက်ခဲ့တဲ့ အဆိုတော်တွေပေါ့နော်။ အခုချိန်ထိ လည်း မလွတ်တမ်း နားထောင်တယ်။ IC မှာဆိုရင် IC တစ်ဖွဲ့လုံးကို ကြိုက်တယ်။ အမြဲလည်း အားပေးတယ်။ ကျွန်တော်ကတော့ ကိုအငဲ ရေးတဲ့ ဖြေသိမ့်လိုက်လို သီချင်းမျိုးတွေ၊ သီချင်းက လူတစ်ယောက်ရဲ့ စိတ်ညစ်နေတဲ့အချိန်၊ ထွက်ပေါက် မရှိတဲ့အချိန်၊ အဲဒီလိုအချိန်က လူတစ်ယောက်ရဲ့ စိတ်အညစ်ဆုံး အချိန်လို့ ကျွန်တော် ထင်တယ်။ အဲ့ဒီအချိန်မှာ ဘဝကို အားပေးတဲ့ အဲဒီလို သီချင်းမျိုးတွေက သိပ်ကို တန်ဖိုးရှိတယ်ဗျာ။ ကျွန်တော် ကိုယ်တိုင်လည်း အဲ့ဒီသီချင်းလေး နားထောင်ပြီး ကိုယ့်ကိုယ်ကိုယ် အားတင်းခဲ့ရတဲ့ အချိန်တွေ အများကြီး ရှိတယ်ဗျ။ အဲဒါကြောင့် ကျွန်တော် ကြိုက်တယ်။ အရင်က ကျောင်းသားဘဝ တုန်းက  IC  ပွဲရှိရင် တော်တော်များများ သွားကြည့်ဖြစ်တယ်”။
မဒီနဲ့ တင်ဇာမော်ရဲ့သီချင်းတွေကို စုထားတာ တော်တော်များများရှိတယ်။ အခုချိန်ထိနားထောင်နေတုန်းပါပဲ . . .
သက်မွန်မြင့်
“သက်မွန် ငယ်ငယ်ကတည်းက သိပ်ကြိုက်တဲ့ အဆိုတော်က မဒီ၊ တင်ဇာမော် သူတို့ကို တအားကြိုက်တယ်။ မဒီ ဆိုအသံကြီးကြီးနဲ့ ချိုချိုကြီးပေါ့နော်။ ဆိုတာတွေ လည်း တအားကောင်းတယ်။ မတင်ဇာမော် ဆိုလည်း သိပ်ဆိုတတ်တယ်။ သူ့သီချင်းတွေ ဆိုလည်း အရမ်းကြိုက်တယ်။ သူတို့နှစ်ယောက်ကို တော်တော် ကြိုက်တယ်။ သူတို့ သီချင်းတွေဆိုဖို့တော့ သက်မွန် သိပ်မနိုင်ဘူး။ သက်မွန်မှာ မဒီနဲ့ တင်ဇာမော် ရဲ့သီချင်းတွေကို စုထားတာ တော်တော်များများ ရှိတယ်။ အခုချိန်ထိ နားထောင်နေတုန်းပါပဲ”။

ရော့ခ်တွေပဲ ပိုနားထောင်ဖြစ်တာပေါ့။ ကိုလေးဖြူရဲ့ သီချင်းတွေကိုစုပြီး နားထောင်ဖြစ်တယ်
ဝတ်မှုံရွှေရည်
“ကစ်က ကိုလေးဖြူကြိုက်တယ်။ Idiots သီချင်းတွေကိုလည်း ကြိုက်တယ်။ နားလည်း နားထောင်ဖြစ်ပါတယ်။ အဓိကတော့ ကိုလေးဖြူ ခရေဇီပေါ့။ ငယ်ငယ် ကတည်းက ကိုလေးဖြူ ကိုကြိုက်တယ်။ အရင်တုန်းက ကိုလေးဖြူ ရှိုးပွဲတွေကို အမြဲတမ်းသွားပြီး အားပေးဖြစ်တယ်။ အခုနောက်ပိုင်းတော့ ရိုက်ကွင်းတွေ သွားနေ ရတော့ ကိုလေးဖြူ ရှိုးပွဲတွေ အားမပေးဖြစ်တော့ဘူး။ ကိုလေးဖြူ သီချင်းအားလုံးကို ကြိုက်ပါတယ်။ စိတ်ညစ်တဲ့ အခါကျရင် သီချင်းတွေပိုပြီး နားထောင်ဖြစ်တယ်။ တခြား အဆိုတော်တွေရဲ့ သီချင်းလည်း နားထောင် ဖြစ်ပါတယ်။ အရင်တုန်းကတော့ ရော့ခ်တွေပဲ ပိုနားထောင် ဖြစ်တာပေါ့။ ကိုလေးဖြူရဲ့ သီချင်းတွေကို စုပြီး နားထောင်ဖြစ်တယ်”။
အဆိုတော် ကြိုက်တဲ့ သရုပ်ဆောင်
သူက နှစ်ပေါင်း မြောက်မြားစွာ အောင်အောင်မြင်မြင်နဲ့ တကယ့်ကို သရုပ်ဆောင် ကောင်းကောင်းနဲ့ ရပ်တည်နိုင်ခဲ့တယ် . . .
စည်သူလွင်
“အကုန်လုံးတော့ ကြိုက်ပါတယ်။ အဲဒီလိုမျိုးထဲကမှ အကြိုက်ဆုံး ဆိုရင်တော့ ငယ်ငယ်ကတည်း ကစပြီး ကြိုက်ခဲ့ရတာ မင်းသားကြီး ဦးကျော်ဟိန်း ပါ။ သူက နှစ်ပေါင်း မြောက်မြားစွာ အောင်အောင် မြင်မြင်နဲ့ တကယ့်ကို သရုပ်ဆောင် ကောင်းကောင်းနဲ့ ရပ်တည်နိုင်ခဲ့တယ်။ ခေတ်တစ်ခေတ် အနေနဲ့လည်း ထူထောင်နိုင်ခဲ့တယ်။ သီချင်း ဆိုတယ်၊ ဆိုရင်လည်း သီချင်းဆိုတဲ့ နေရာမှာ အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်တယ်။ သူဟာတကယ့်ကို အနုပညာ အရည်အသွေး ပြည့်ဝတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်တာကြောင့် သဘောကျတယ်။ လေးစားတယ်။”
မင်းသားထဲမှာတော့ ဦးကျော်သူ ကြိုက်တယ်။သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ကားတွေဆိုရင် ပိုပြီးကြိုက်တယ် . . .
အဲလက်(စ်)
“ကျွန်တော် ငယ်ငယ်ကတည်းက ခုချိန်ထိကြိုက်တဲ့ မင်းသမီး က မေသန်းနု။ သူနဲ့က လူချင်းလည်း မခင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ငယ်ငယ်ကတည်းက ကြိုက်တာ။ သူက သရုပ်ဆောင်တာ တအားကောင်းတယ်။ သူ့ရဲ့မျက်နှာကလည်း ကင်မရာဘယ်လို ရှုထောင့်ကမဆို ရိုက်ရင် လှတယ်။ အပေါ်က ရိုက်ရိုက်၊ ဘေးက ရိုက်ရိုက်၊ နောက်က ရိုက်ရိုက်လှတယ်။ အရင်ကတော့ သူ့ကားတွေ အမြဲကြည့်ဖြစ်တယ်။ နောက်ပိုင်းလည်း သူ့ကို အမေခန်းတို့ အဒေါ်ခန်းတို့မှာ ကြည့်ဖြစ်တယ်။ မင်းသားထဲ မှာတော့ ဦးကျော်သူ ကြိုက်တယ်။ သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ကားတွေဆိုရင် ပိုပြီးကြိုက်တယ်။ ဒီဘက်ပိုင်းမှာတော့ သူကလူမှုရေး လုပ်ငန်းတွေ လည်း လုပ်ဆောင်နေတဲ့ လူတစ်ယောက်ဆိုတော့ ပိုတောင်မှ လေးစားသေးတယ်။ ရုပ်ရှင်ကတော့ ခုနောက်ပိုင်းမှာ သိပ်တော့ မကြည့်ဖြစ်ဘူး။ အရင်ကတော့ ပိုကြည့် ဖြစ်တာပေါ့ “။
သူလုပ်တဲ့ ကာရိုက်တာတွေက ကွက်တိပဲ။ ကျွန်တော်က ရုပ်ချောရင် သိပ်မကြိုက်ဘူး။ တကယ် သရုပ်ဆောင်နိုင်တဲ့ လူပဲ ကြိုက်တယ် . . .
အောင်လ
“မင်းသားထဲမှာ အကြိုက်ဆုံး ကတော့ ကိုသားကြီး (ဒွေး)ပေါ့။ သူ့ကိုတော့ ငယ်ငယ် တုန်းကလည်း ကြိုက်တယ်။ အခုလည်း ကြိုက်တယ်။ သူသရုပ်ဆောင်တဲ့ ပုံစံကို သဘောကျတယ်။ ကိုသားကြီးက မချောဘူးလေ။ မချောဘဲနဲ့ သရုပ်ဆောင်တာ သိပ်ကောင်းတယ်။ သူ့ရဲ့ပုံစံနဲ့ သူလုပ်တဲ့ ကာရိုက်တာတွေက ကွက်တိပဲ။ ကျွန်တော်က ရုပ်ချောရင် သိပ်မကြိုက်ဘူး။ တကယ် သရုပ်ဆောင်နိုင်တဲ့လူပဲ ကြိုက်တယ်။ မင်းသမီးထဲမှာ ဆိုရင်တော့ စိုးမြတ်သူဇာ ကြိုက်တယ်။ နောက်ပြီး ကိုကျော်ရဲအောင် လည်း ကြိုက်တယ်။ သူတို့တွေ သရုပ်ဆောင်တာ အပြင်မှာ တကယ် ဖြစ်နေသလိုပဲခံစားရတယ်။ သူတို့ရဲ့ကားတွေကိုလည်း ကြည့်ဖြစ်ပါတယ်”။
ကျွန်တော် ဦးနိုင်(ကျော်ရဲအောင်) ကိုတအား ကြိုက်တာ။
အစ္စဏီ
“ကျွန်တော် နှစ်သက်တဲ့ သရုပ်ဆောင် တစ်ယောက်ကတော့ ဆုံးသွားပြီဗျ။ ကိုသားကြီး(ဒွေး)ပေါ့။ ကျွန်တော်အကြိုက်ဆုံး မင်းသားပါပဲ။ အဲဒီနောက်ပိုင်း အခုပေါ့ ကျွန်တော် ဦးနိုင်(ကျော်ရဲအောင်)ကို အရမ်း ကြိုက်တာ။ သဘာဝကျကျ သရုပ်ဆောင်နိုင် တယ်။ ပြီးတော့ ဟာသအပိုင်းမှာ ဆိုရင် အရမ်းကောင်းတယ်”။
အစ်မအကြိုက်ဆုံး သရုပ်ဆောင်က စိုးမြတ်သူဇာ
မီးမီးခဲ
အစ်မအကြိုက်ဆုံး သရုပ်ဆောင်က စိုးမြတ်သူဇာ။ သူသရုပ်ဆောင်တာ သဘာဝကျတယ်။ ပဲ သိပ်မများဘူး။ ကျက်သရေ ရှိတယ်။ သူ့အခွေကြည့်ရတာ နိုင်ငံခြားက အခွေ ကြည့်ရသလိုပဲ။ နိုင်ငံခြားက သရုပ်ဆောင်နဲ့ တူတယ်။ သိပ်ပြီးအိုဗာ မပါဘူး။ ငိုတဲ့ အခန်းဆိုလည်း သဘာဝကျတယ်။ ဟာသအခန်း ဆိုလည်း ကောင်းတယ်။ အဲဒါကြောင့် ကြိုက်တာ။ သူသရုပ်ဆောင်တဲ့ အခွေဆို ပိုကြည့်ဖြစ်တယ်။ သူ့ကိုမြင်ရင် ငေးနေရတာပဲ။ သူက လှတယ်။

No comments:

Post a Comment