-->

Friday, May 4, 2012

တစ်ခါတုန်းက. . .အမှတ်တရတွေ

1012‘ဒွေးကွယ်လွန်ခြင်း ၄ နှစ်ပြည့်အမှတ်တရ’ အစီအစဉ်မှာပါဝင်ဖို့ တောင်းဆိုလာတဲ့အခါ ၁၉၉၇ ခုနှစ်ပေါ်ပြူလာဂျာနယ် ခရီးဦး အစကာလကို မှတ်မှတ်ရရတွေးမိပါတယ်။ ဆရာအောင်ပြည့် အနားယူသွားပြီး ဆရာဟိန်းလတ်နဲ့ဆရာမြသန်းစံတို့ ဦးစီးပဲ့ ကိုင်ကြတဲ့အခါ ရတနာသစ်မဂ္ဂဇင်းဝိုင်းတော်သားများဖြစ်တဲ့ တင်မောင်ဆွေ(မြန်မာစာ)နဲ့ ကျွန်တော်တို့ အမှုဆောင် အယ်ဒီ တာများဖြစ်လာကြပါတယ်။ နာမည်ကသာ အမှုဆောင်အယ်ဒီ တာ ရာထူးကတော့အများသားပါ။ တစ်နေ့တစ်နေ့ တဖွဲဖွဲ ရောက်လာတဲ့ စာမူတွေကိုဝင်စာမှတ်ပုံတင်လုပ်ပြီး အယ်ဒီတာ ကြီးများထံတင်ပြ(စာရေးကြီးပေါ့)။ အနုပညာပွဲတွေတက်၊ သတင်းရေး၊ အင်တာဗျူးလုပ်(သတင်းထောက်ပေါ့)။ ကွန်ပျူတာရိုက်ပြီးသားစာတွေကို Proofတွေထိုင်ဖတ် (စာပြင်ဆရာပေါ့)။ စာပေစိစစ်ရေးသွား လိုတိုး၊ ပိုလျှော့မှတ်တမ်းလိုက်မှတ် (ပြင်ပဆက်သွယ်ရေးပေါ့)။ ဖောင်ပိတ်ည ဒီဇီုင်းဆရာဘေးမှာထိုင်၊ ဒမ်မီနဲ့ကွက်တိဖြစ်ဖို့ ရန်ဖြစ်ရ(ဖောင်ကိုင်အယ်ဒီတာပေါ့)။ ထိုအထွေထွေနဲ့ချာလပတ်ရမ်းနေတုန်း အနုပညာသတင်းတွေနဲ့ အားဖြည့်လို့ရောက်လာတာက ကိုမျိုး(မြန်မာစာ)။ နှစ်ယောက်စလုံးက လူပျိုလူလွတ်တွေမို့ ခြေရည်တူကန်အားကောင်း၊ ရေးအားကောင်း၊ သောက်အားလည်း ကောင်းခဲ့ကြတယ်။ တစ်ရက် ဖုန်းတစ်ခုဝင်လာတယ်။ ”ကိုလွမ်းဝေနိုင်နဲ့တွေ့ချင်လို့။ ကျွန်တော်သားကြီးပါတဲ့”။ ”ဘယ်ကသားကြီးလဲ”ဆိုတော့ ”ဒွေးပါတဲ့”။ ဆုံမယ့်နေရာလေးကို သူချိန်းတယ်။ ဝင်္ကပါလမ်းက ရုပ်ရှင်မြှင့်တင် ရေးရဲ့ အရှေ့ကစားသောက်ဆိုင်လေး။ သူပြောတာနားထောင်၊ မရှင်းတာပြန်မေး၊ အသံဖမ်း၊ ဓာတ်ပုံရိုက်အချိန်တစ်နာရီ လောက်ကြာပါပြီ။ သူနဲ့ကျွန်တော်အင်တာ ဗျူးပါပြီးသိပ်မကြာဘူး။ တရားရုံးက သမ္မန်စာရောက်လာပါတယ်။ အဲဒီကတည်းက သူနဲ့ကျွန်တော်နဲ့ ဖုန်းအဆက်အသွယ်မပြတ်ဘူး။ အပြင်မှာလည်း တပူးပူးတတွဲတွဲ။ သူကကျွန်တော့်ကို ဒါရိုက်တာတစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ကိုအောင်မင်းသိမ်းတဲ့။ ကိုအောင်မင်းသိမ်းနဲ့ ကျွန်တော်ကတော့ သကာနဲ့ပျား တွေ့သလိုပါပဲ။ ကိုအောင်မင်းသိမ်းဆုံးပါးတဲ့ အထိတပူးပူးတတွဲတွဲ။ ကိုအောင်မင်းသိမ်းကမိတ်ဆက်ပေးတဲ့ လူတစ်ယောက်လည်းရှိ ပါတယ်။ အဲဒါကကျော်ရဲအောင်(ခ)ကိုနိုင် ပါပဲ။ ကိုနိုင်နဲ့ကျွန်တော်ကတော့ ကျွန်တော်တို့ကို မိတ်ဆက်ပေးတဲ့သူတွေ ကွယ်ပျောက်သွားကြပေမယ့် လူချင်းမတွေ့ဖြစ်တောင် ဖုန်းနဲ့တော့အဆက်အသွယ် ရှိနေကြပါ သေးတယ်။ ဒွေးအကြောင်း ပြန်ဆက်ရရင် ကျွန်တော်တို့နှစ်ယောက်ရဲ့အင်တာဗျူး ဂယက်ငြိမ်သက်အေးချမ်း သွားတယ်ဆိုရင်ပဲ ပေါ်ပြူလာ ၆ လပြည့်၂၅အုပ် ထုတ် ဝေခြင်းငွေရတုအဖုံးအတွက် ဒွေးကိုမျက်နှာဖုံးရိုက်မယ်။ အင်တာဗျူးလုပ်ဖို့ တာဝန်ပေးလာပါတယ်။ ကျွန်တော်သူ့ကို ပြောပြတော့လိုလိုလားလားပါပဲ။ သူ့ရိုက်ကွင်းနေ့ တစ်ဝက် ဖျက်ပေးပြီးကျွန်တော်ယူသွားတဲ့ ပေါ်ပြူလာဂျာနယ်အစောင်၂ဝကျော်နဲ့ ဓာတ်ပုံရိုက်ပေးသလို အင်တာဗျူးလည်း စိတ်ကြိုက်လုပ်ခွင့်ပေးခဲ့ပါတယ်။ အဲဒီတုန်းကသူ့ကို ကျွန်တော်မြင်တဲ့အမြင်တွေကိုလည်း ‘ပေါ်ပြူလာငွေရတုအမှတ်တရဒွေးနဲ့ လွမ်းဝေနိုင်တို့ရဲ့မကျေပွဲ’ ခေါင်းစဉ်အောက်မှာနိဒါန်းလေးရေးမိပါတယ်။ ”သူနဲ့ကျွန်တော်က ရှင်သန်ရပ်တည်မှုချင်းမတူပါ။သူကစက်မှုတက္ကသိုလ်မှ ကျောင်းပြီးသူ။ ကျွန်တော်က ရန်ကုန် တက္ကသိုလ်မှကျောင်းပြီးသူ။ အနုပညာရပ်ဝန်းဒေသ တစ်ခုတည်းမှာကျင်လည် လှုပ်ရှားရတာချင်း တူလင့်ကစားသူက ရုပ်ရှင်ဗီဒီယိုနယ်မြေ၊ကျွန်တော်က စာပေစာ နယ်ဇင်းနယ်မြေ။ မဆုံစည်းနိုင်ဟု ယူဆထားသော ကျွန်တော်တို့နှစ်ဦး အနုပညာကိစ္စတစ်ခုကို အကြောင်းပြု၍ ခေတ္တခဏဆုံစည်းခဲ့ရပါသည်။ ထိုဆုံဆည်းခြင်း၏ ဂယက်တစ်ခုကိုလည်း ကိုယ်စီရင်ဆိုင်ဖြေရှင်းခဲ့ ကြရသည်။သူသည် အရွယ်သုံးပါးပရိသတ်များ အကြားပေါ်ပြူလာအဖြစ်ဆုံး အောင်မြင်ကျော်ကြားနေသော ရုပ်ရှင် သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ပါသည်။ သို့သော် ထိုအချက်သည် သူ့အပေါ် ကျွန်တော်စိတ်ဝင်စားစရာကောင်းသော အချက်တစ်ချက်ဖြစ်မလာသေး။ သူ . . .စက်မှုတက္ကသိုလ်မှ B.E (Electrical Power)ဘွဲ့ဆွတ်ခူးပြီးနောက် Electronic ယန္တရားခလုတ်တွေအပေါ်မှာ ဆော့ကစားမယ့်အစား ဗီဒီယိုတိပ်သားများနှင့် ဖလင်ကော်ပြားများမှာ ဘဝကိုပျော်ပါးမွေ့ လျော်နေပေသည်။ဒါသည်ပင်သူ့အကြောင်း၊ ကျွန်တော်စိတ်ဝင်စားဆုံးအချက်ဖြစ်၍လာပါသည်။ ထို့ကြောင့် ပေါ်ပြူလာငွေရတုတွင် ပေါ်ပြူလာပရိသတ်ကြီးနှင့်သူ ဆိုသည့် ရုပ်ရှင်သရုပ်ဆောင်ဒွေးပရိသတ်အတွက် အမှတ်တရအစီအစဉ်တစ်ခုအနေဖြင့် သူ့နေအိမ်အသစ်သို့ နောက်ဆက်တွဲမေးမြန်းခြင်းအဖြစ် ဓာတ်ပုံကျော်ကျော် သူ၊ ဓာတ်ပုံမောင်မောင်တို့ခြံရံလျက် စကားဆိုဖြစ်ခဲ့သည်များကို မှတ်တမ်းတင်ဖော်ပြရပါလျှင် . . .အစချီလို့ရေးသားခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော့်ရဲ့ ရိုက်ပေါက် မေးခွန်းတစ်ခုကိုလည်း သူစိတ်ရှည်လက်ရှည်ဖြေပေးခဲ့တာ အမှတ်တရရှိလှပါတယ်။ ရုပ်ရှင်လောကမှာတကယ့် ထိတ်ထိတ်ကြဲဖြစ်နေတဲ့သူကို မေးလိုက်ပုံက . . .
မေး- ရုပ်ရှင်သရုပ်ဆောင်ဒွေးကို ပရိသတ်ကြီးက လက်မခံတော့ဘူးဆိုရင် ခင်ဗျားဘာလုပ်မလဲ။
ဖြေ -ပရိသတ်ကြီးက လက်မခံတော့ဘူးဆိုရင် ဘာကြောင့်လက်မခံတော့တာလဲ ဆိုတာရှိတယ်။ အဲဒါကို ကျွန်တော်စဉ်းစားမယ်။ ကျွန်တော်ပြင်လို့ရတာကို ပြင်မယ်။ ကျွန် တော့်ကို ပရိသတ်ကြီးက ပြင်ခွင့်မပေးတော့ဘူးဆိုရင်တော့ ကျွန်တော်ဒီအတိုင်းအပြင်ထွက်နေတော့မယ် . . .တဲ့။
ဒွေးနဲ့မှတ်မှတ်ရရတွေက အများသား။ သရုပ်ဆောင်တွေနဲ့ စာနယ်ဇင်းအချစ်လွန်ပြီး ရန်ဖြစ်တုန်းက ကိုမျိုး(မြန်မာစာ)တို့၊ ကျွန်တော်တို့က စာနယ်ဇင်းဘက်က ရှေ့ တန်းတိုက်စစ်မှူးတွေ၊ဒွေးတို့၊ ကျော်ရဲအောင်တို့၊ ကိုအောင်မင်းသိမ်းတို့က သရုပ်ဆောင်ဘက်က ရှေ့တန်းတိုက်စစ်မှူးတွေ။ စာ မျက်နှာထက်က ပဋိပက္ခက ပြင်းထန် သလောက်နောက်ကွယ်မှာနှစ်ဖက်သော ရှေ့တန်းတိုက်စစ်မှူးတွေဝိုင်းဖွဲ့လို့ တဟီးဟီးတဟားဟားလုပ်နေပုံကို အခုပြန်တွေးမိ တောင်ပြုံးရပါတယ်။ ကျော်ရဲအောင်၊ ဒွေး နာမည်ရှေ့နောက်ပြဿနာမှာလည်း ကျွန်တော်တို့ ကန့်လန့်ကန့်လန့်ပါလိုက်သေးတယ်။ ဒွေးရဲ့ စာနယ်ဇင်းကိုပြောတဲ့စကားကရှင်းပါတယ်။ ကိုနိုင်(ကျော်ရဲ အောင်)က ကျွန်တော်တို့စီနီယာပါ။ ဒွေးနဲ့ကျော်ရဲအောင်ဆို ကျော်ရဲအောင် နာမည်ကရှေ့ကပဲနေရပါမယ် . . .တဲ့။သူ့ကိုရေဝေးမှာ မသင်္ဂြိုဟ်ခင်ညက ကျော်ရဲအောင်၊ ကိုအောင်မင်းသိမ်း၊ ဇော်ဝင်းနိုင်(မန်း)၊ သားညီနဲ့ ကျွန်တော်တို့တွေ မိုးအလင်းစကားဝိုင်းဖွဲ့ကြတာလည်း အမှတ်တရပါ။ ၂ဝဝ၇ ဟာ အနုပညာရှင်တွေနဲ့ အတော် ဓာတ်မတည့်ခဲ့တဲ့နှစ်များ ဖြစ်ရော့လား။ ဒွေးဆုံးတယ်။ လပိုင်းလေးတင် တာရာမင်းဝေဆုံးတယ်။ လပိုင်းလေးတင် ကိုအောင်မင်းသိမ်းဆုံးတယ်။
အနုပညာသမားသေရင် ဘာကျန်ခဲ့ သလဲ . . တဲ့။ အလွမ်းစကားပွင့်တွေရယ်၊ တစ်ပိုင်းတစ်စရက်စွဲတချို့ရယ်၊ ရုန်းကန်မှုခြေ ရာနက်နက်ရှိုင်းရှိုင်းရယ်ပဲပေါ့။

No comments:

Post a Comment