-->

Friday, May 4, 2012

နှစ်တွေကြာလည်း မမေ့နိုင်သေးသူတို့ပြောတဲ့ ဒွေးအမှတ်တရတွေအကြောင်း

ဇူလိုင် ၁၁ ရက်ဆိုရင် အကယ်ဒမီဒွေးကွယ်လွန်တာ လေးနှစ်ပြည့်ပါပြီ။ လေးနှစ်ဆိုတဲ့အတိုင်းအတာက အကြောင်းအရာတစ်ခုကို မေ့ပျောက်လို့ရတဲ့ ကာလအပိုင်း အခြားတစ်ခုပါ။ ဒါပေမဲ့လည်း လေးနှစ်အကြာမှာ ဒွေးအကြောင်းအမှတ်တရမေးတဲ့အခါမှာ နှစ်တွေကြာလည်း ဒွေးကိုမမေ့နိုင်သေးသူတွေက အခုလို ဖြေကြားပေးခဲ့ ကြပါတယ်။
10-Jun (2)နေမင်း
”ကျွန်တော်က ကိုသားကြီးကားတွေ ကြည့်လည်းကြည့်တယ်၊ ကြိုက်လည်းကြိုက်တယ်။ ကျွန်တော်ငယ်ငယ်ကတည်းကလည်း အရမ်း ကြိုက်တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သူ့ကားတွေဆို အိမ်မှာစုထားတာအများကြီးပဲ။ ကျွန်တော်ပြန်ရောက်လာတဲ့အချိန်မှာ ကိုသားကြီးလည်း မရှိတော့ဘူး။ ဖြစ်နိုင်ရင် သူ့လက်မှတ်လေးတောင်လိုချင်တယ်။ သိမ်းချင်တယ်။ အခုဆိုရင် နောက်ဆုံးကြည့်စရာ ကားမရှိရင်တောင် ကျွန်တော်သိမ်းထားတဲ့ ဇာတ်ကားလေးတွေ ပြန်ပြန်ပြီးကြည့်ရတဲ့ အနေအထားပေါ့။ သူ့ပုံရိပ်တွေက စိတ်ထဲမှာ အမြဲရှိနေတာပေါ့။  သူ့လောက်မလုပ်နိုင်ပေမယ့်လည်း သူလိုပုဂ္ဂိုလ်မျိုးဒီတိုင်းပြည် မှာရှိခဲ့တယ်ဆိုတဲ့စိတ်တစ်ခုနဲ့တင် ကျွန်တော့် အတွက်တော့ အရမ်းကိုကျေနပ်မိတယ်။ ကိုသားကြီးဆုံးတုန်းက ကျွန်တော်အနုပညာအလုပ်နဲ့လည်း တော်တော်ဝေးတယ်။ အဲဒီအချိန် မှာ သူငယ်ချင်း ကောင်မလေးတစ်ယောက် ဖုန်းဆက်တယ်။ အဲဒီလိုပဲဖြစ်သွားတယ်တဲ့ မယုံဘူး။ မယုံတော့ အိမ်ကို ဖုန်းလှမ်းဆက်မေး တယ်။ အိမ်ကလည်းဟုတ်တယ်။ သေသွားပြီတဲ့။ ကျန်တဲ့လူတော့ မသိဘူး။ ကျွန်တော်ကျတော့ တကယ်ကို မယုံလိုက်တာ။ သေလို့မဖြစ်သေးဘူး။ ရှိကိုရှိရဦးမယ်။ ရှိဖို့လည်း သင့်သေးတယ်။ အဲဒီလိုစိတ်မျိုးပဲရှိတယ်။ ဇူလိုင် ၁၁ ရက်နေ့မှာကျရောက်တဲ့ ကိုသားကြီး လေးနှစ်ပြည့်အတွက် ပြောချင်တဲ့စကားက သူလိုလူမျိုး  အနုပညာလောကမှာ နောက်တစ်ယောက်ပေါ်ပေါက်ပါစေ။ ကိုသားကြီးလည်း အကောင်းဆုံးနေရာတစ်ခု အကောင်းဆုံးပုံသဏ္ဌာန်တစ်ခုနဲ့ သံသရာရဲ့အပြင်နိဗ္ဗာန် သို့မဟုတ် အေးချမ်းတဲ့ နေ ရာတစ်ခုမှာ တည်ရှိနေပါစေလို့ ဆုတောင်းချင်ပါတယ်”
May Than Nuမေသန်းနု
”ကိုသားကြီးနဲ့မဆင့်နဲ့က အမှတ်တရနည်းတယ်။ နည်းတယ်ဆိုတာက မဆင့်တို့မင်းသမီးအနေနဲ့ ရိုက်နေတဲ့အချိန်မှာ ကိုသားကြီးက မင်းသားအသစ်ပဲရှိသေးတာကိုး။ ပထမဆုံးဒေါ်ရီခင်ကမင်းသားအသစ်နဲ့ရိုက်မယ်ဆိုတော့ အဲဒီတုန်းက ကိုသားကြီးပါတယ်။ လွင်မိုးပါ တယ်ဖြစ်မလားတဲ့။ မဆင့်ကို ခေါင်းဆောင်တည်ရိုက်တာ။ မင်းသားက သုံးလက်ပါတယ်။ မင်းဦးရောပေါ့၊ မဆင့်က လက်ခံလိုက်တယ်။ အဲဒီတုန်းက ကိုသားကြီးက ဗီဒီယိုမှာနည်းနည်းပါးပါး နာမည်ရနေပြီဆိုတော့ ကိုယ်ကခွင့်ပြုလိုက်တယ်။ အဲဒီတော့မှစပြီး ကိုသားကြီးနဲ့ ဆုံတာပါ။ နောက်ဒီဘက်ပိုင်းကျတော့ အဆုံနည်းသွားတာပေါ့။ သူ့ရဲ့အနုပညာသူ့ရဲ့ အရည်အချင်းတွေက လူကြိုက်များခဲ့တယ်။ သဘာဝကျတဲ့  သရုပ်ဆောင်တစ်ယောက်ပေါ့နော်။ ဒါကတော့မဆင့်တို့ အနုပညာသမားတွေအတွက်ကတော့ အနုပညာ အရည်အချင်း ရှိတဲ့လူကို အနုပညာသမားတွေက တန်ဖိုးထားရင် နှမြောကြတာလေ။ သူကမဆင့်တို့အမြင်မှာတော့ အေးအေးပဲနေတာ။ သိပ်ပြီးတော့ နောက်နောက်ရွှတ် ရွှတ်လည်းမဟုတ်ဘူး။သူခင်တဲ့လူကျတော့လည်း ခင်တာပေါ့နော်။ အဲဒီလိုမျိုးအေး အေးပဲနေတာပဲလေ။ သူကတော့ သူ့အဖွဲ့နဲ့သူရှိတာပေါ့။ သူလုပ်စရာရှိတာလုပ်တယ်။ အေးအေးပဲနေတယ်။ သူကအလုပ်ကြိုးစားတယ်။ သူ့စိတ်ကူး သူစိတ်တိုင်းကျ ပုံဖော်နေတဲ့လူပေါ့။ လမ်းတစ်ခုဖောက်နိုင်တယ်။ ဒွေးဆို ဒွေးစတိုင်၊ ဒွေးအိုက်တင် နှစ်ယောက်မရှိဘူးလေ။ ကျန်တာတွေ လိုက်ပွားကြတာပေါ့နော်။ ဒါပေမဲ့ သူ့မူသူဟန်တွေကတော့ ဘယ်သူမှတုလို့မရဘူး။ နောက်ဦးလေးနဲ့ တူတယ်ဆိုပေမယ့် သူ့မူသူ့ဟန်က တစ်ဘာသာသွားတာပဲလေ။ ကိုသားကြီးဆုံးတာ ၄ နှစ်သာပြည့် တာ။ သူလိုလူမျိုးကျတော့ ထပ်မပေါ်တော့ဘူး။ အားလုံးကတော့ ပရိသတ်နဲ့ အတူသတိရနေမှာပါ”
Kaw Niကော်နီ
”ကိုသားကြီးဆုံးတာ ၄ နှစ်ပြည့်ပြီပေါ့နော်။ ဟိုနေ့ကတောင် သူ့သီချင်းလေး ကြည့်ပြီးတော့ အိမ်မှပြောဖြစ်နေသေး တယ်။ မကော်ဆိုပြီး သူသရုပ်ဆောင်တဲ့ သီချင်းလေးပေါ့။ အဲဒါကအခွေတော့ မထွက်ဖြစ်ဘူး။ တီဗီချန်နယ်ကလာတာ။အိမ်မှာတောင် အမေက ပြောသေး တယ်။ အစ်ကိုက ဘယ်ပဲရောက်နေရောက်နေ မအားလည်းမကော်ပွဲရှိရင် ရောက်ရောက်လာတတ်တယ်ဆိုတဲ့အကြောင်း  ပြောဖြစ် ကြ တယ်။ မကော်က ကာလာဖူးလ်ရှိုးတုန်းကဆို သူက ချောင်းသာကနေအမီပြန်လာတာ။ သူ့အလှည့်တောင်ကျော်လို့ နောက်ထပ် အစီအစဉ်တစ်ခုတောင်အောက်သွားတယ်။ အစ်ကိုကအဲဒီမှာ အစီအစဉ် ၅ ပေါ့။ သူရောက်မလာသေးတော့ သူ့ကိုအစီအစဉ် ၈ ကို ရွှေ့လိုက်ရတယ်။ အဲဒါလေးကလည်း အမှတ်တရပဲ။ အစ်ကိုက ရုပ်ရှင်သာရိုက်တာ သီချင်းဆိုတာတွေ ဘာတွေအရမ်းဝါသနာပါတယ်။ သူတကယ်ဝါသနာပါတာက အဆိုတော်လေ။ အဆိုတော်တွေနဲ့ပတ်သက်ရင် တော်တော်များများ ကူညီတယ်။ တချို့မကော်ဗီစီဒီတွေ ဘာတွေဆိုရင် တချို့ဟာတွေ သူ့ပိုက်ဆံနဲ့ မကော်အတွက် ရိုက်ပေးတာတွေရှိတယ်။ အပျိုကြီးကို ပြောမနေတော့ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လုပ်လိုက်တော့မယ်ဆိုပြီး လုပ် လိုက်တာတွေရှိတယ်။ သူတို့အိမ်မှာက တည်းဖြတ်ခန်းလည်းရှိတယ်။ အစ်မအခွေတွေ တချို့ဟာတွေဆို မမိုးကိုပြောပြီး သူ့ အိမ်မှာပဲ အခွေဆက်တာတွေလည်းရှိ တယ်။ အဲဒီလိုပေါ့နော်။ အခက်အခဲတွေ ဘာတွေရှိရင် အစ်ကိုက အမြဲကူညီတယ်။ အစ်ကိုကလူတွေကို စေတနာထားတယ်။ သူ့ရိုက်ကွင်းတွေ ဘာတွေ မကော်တို့ သွားကြည့်တယ်။ အစ်ကိုက ကားရိုက်ပြီးပြီဆိုတာနဲ့ သူ့စက်အဖွဲ့သားတွေကို ကလေးတွေလိုပဲ မုန့်ဖိုးလိုက်ပေးတယ်။ မကော်တို့က နောက်ကနေ လက်ဝါးလိုက်လိုက် ဖြန့်တယ်။ အဲဒီလိုပေါ့။ ဒါကလည်း သူ့ရဲ့ စေတနာပေါ့။ နေ့စဉ်အလှူတွေလို့ ပြောရ မှာပေါ့။ ဒွေးဘယ်နေရာမှာ ဘယ်လောက် လှူတယ်ဆိုပြီး နာမည်တပ်လှူတာထက် အဲဒီလို အလှူလေးတွေ အမြဲလုပ်တယ်။ နောက်ပြီးရောက်တဲ့နေရာမှာလည်း ဘုရားတွေတည်တယ်။ ကျောင်းတွေဆောက်တယ်။ အဲဒါမျိုးတွေ သူ့မှာအများကြီး ပဲ။ဒါတွေကို ကြော်ငြာပြီး လှူခဲ့တာမဟုတ် ဘူး။ ပြီးတော့ မကော်တို့နဲ့ ကိုသားကြီးတို့မမိုးတို့နဲ့ဆိုတာ စပ်ရင်တောင်အမျိုးတော်တယ်။ ကိုသားကြီးမဆုံးခင်မှာ အစ်မ ရဲ့အစ်ကိုအငယ်ကအရင်ဆုံးတယ်။ အစ်မအစ်ကိုရက်လည်နေ့မှာသူဆုံးတယ်။ အဲဒီအချိန်တုန်းက ထူပူပြီးဘာဖြစ်သွားမှန်းကို မသိဘူး။ အစ်မအစ်ကို အငယ်ဆုံးတုန်း ကတောင် အစ်ကိုကအစ်မကို အားပေးသေးတယ်။ အပျိုကြီး အားတင်းထားဆိုပြီးတော့။ ကိုသားကြီးဆုံးတဲ့အချိန်ကျတော့ ကိုယ့်မှာထူပူသွားတယ်။ တစ်ခါစင်ပေါ် မှာ သီချင်းဆိုတဲ့အခါကျတော့ အဲဒီ’ဘယ်တော့မှမမေ့ဘူး’ သီချင်းက အရင်ကတည်း အဲဒီ MCCစတိတ်ပေါ်မှာပဲ အစ်ကိုနဲ့တူတူဆိုခဲ့တာ။ နောက်သူဆုံးပြီးအစ်မပြန် ဆိုတဲ့အခါကျတော့ သူမရှိတော့ဘူးဆိုတာသိပြီး အစ်ကိုဆုံးတာကို တကယ်လက်ခံလိုက်ရတယ်။ ပြီးတော့ ကြည့်တဲ့အောက် ကပရိသတ်ကလည်း ကိုယ့်လူတွေပဲလေ။ အဲဒါနဲ့စင်ပေါ်မှာဘာဖြစ်သွားလဲ မသိဘူး။ သီချင်းတောင်မဆိုရသေးဘူး၊ လူက ငိုချင်နေပြီ။ ရီဟာဇယ်ကတည်းက ငိုနေတာ။ စင်ပေါ်လည်းရောက်ရော သီချင်းသာပြီး သွားတယ် ဘယ်လိုပြီးသွားမှန်းတောင် မသိဘူး။ စပြီးစကားပြောကတည်းက ငိုလိုက်တာလေ။ လိုတဲ့လူတွေက သနားတာပေါ့လေ။ မလိုတဲ့လူတွေကတော့ ကော်နီ ကြီး ဒီလောက်တောင် ဘာလို့ငိုတာလဲပေါ့။ တကယ်က အဲဒီမှာမှ အစ်ကိုဆုံးသွားပြီဆိုတာ တကယ်လက်ခံလိုက်သလိုဖြစ်သွားတာ။ အဲဒါလေးကိုပြန်ကြည့်တိုင်း အမြဲ အမှတ်ရနေတယ်။ အစ်ကို့ကားလေးတွေလည်း လာနေတော့ ကြည့်ဖြစ်တယ်။ မကော်ရန်ကုန်မှာရှိရင်တော့ ကိုသားကြီးဆုံးတဲ့ရက် နှစ်ပတ်လည်ဆိုရင်တော့ အလှူ လေးတွေလုပ်ဖြစ်တယ်။ ဒီနှစ်လည်း အစက တရားစခန်းတစ်ခုမှာ ၁ဝ ရက်စခန်း အလှူရှင်အနေနဲ့ လုပ်ဖို့စိတ်ကူးထားတာ။ ဒါပေမဲ့ ခရီးသွားဖို့တွေရှိနေတော့ တခြား တစ်ခုခုပဲ သူ့အတွက်ရည်စူးပြီးလှူဖြစ်တော့မယ်။ သူ့အတွက်တော့ အမြဲတမ်းလိုလိုလှူဖြစ်ပါတယ်။ အစ်ကိုသာကြားနိုင်မယ်ဆိုရင်တော့ အစ်ကို့ကိုရှိနေစေချင် သေး တယ်လို့ပြောချင် တယ်”
01-Jan-2011 (4)နဝရတ်
”အစ်မနဲ့ကိုသားကြီးက အစတုန်းက အဆင်မပြေဘူး။ ကိုသားကြီးက ဦးကျော်ကိုပြောတယ်တဲ့။ ဦးကျော်တင်တဲ့မင်းသမီးကပေါ့ မျက်နှာက သူ့လုပ်စာထိုင်စားနေရတဲ့ မျက်နှာနဲ့လို့ပြောတယ်တဲ့။ ဦးကျော်ကပြန်ပြောပြတယ်။ ခေါ်မရိုက်ဘူး။ အစ်မကလည်း မသိရင်မခေါ်ဘူးလေ။ ကိုသားကြီးကျတော့လည်း အေးတယ်လေ။ တမင်သက်သက် မခေါ်တာမဟုတ်ဘူး။ မဆုံဖြစ်ကြတာ။ နောက်ပြီး ‘မျှော်လင့်ခြင်းများစွာ’ ဆိုတဲ့ ရုပ်ရှင်မှာစပြီးခေါ်တယ်။ အစ်မကာရိုက်တာနဲ့ လိုက်တယ်ပေါ့။ အဲဒီမှာခေါ်ပြီး သူနည်းနည်းသဘောကျသွားတယ်။ အစ်မ အိုက်တင် သေချာလုပ်တယ်။ အခန်းနည်းပေမယ့် သူနဲ့အတွဲပေါ့။ အဲဒီနောက်ပိုင်း ကြိုးကြားကြိုးကြားခေါ်ရိုက်တယ်။မှတ်မှတ်ရရ သူဆုံးခါနီးနှစ်လမှာ ‘နတ်သမီးချည်တိုင်’ရယ်၊ နောက်ပြီး’ဇာတ်တူသား’ဆိုတဲ့ ကားနှစ်ကားရိုက်တယ်။ မှတ်မှတ်ရရ အဲဒီကားက လက်ကျန်ဖြစ်သွားတယ်။ ဒုတိယ တစ်သုတ်ပြင်ဦးလွင်ကို တက်မယ်ဆိုတော့ အစ်မတို့က ပြင်ဦးလွင်ကိုတစ်ခါတက်ရင် ၃-၄ လကြာတယ်လေ။ ဒုတိယတစ်သုတ်တက်မှ ပေါင်းရိုက်ကြမယ်ဆိုပြီး အစ်မကိုပြောပြီး အဲဒီလက်ကျန်ကို ဖြတ်ပြီး သူရန်ကုန်ဆင်းသွားတယ်။ အဲဒီအချိန်မှာ နောက်ဆုံးခန်း မရိုက်လိုက် ရဘူးပေါ့။ သူဆုံးသွားတယ်။ အဲဒီကားကို သူတို့ဒီအတိုင်းပဲအဆင်ပြေသလို ပြန်လုပ်လိုက်တယ်ကြားတယ်။ အစ်မအတွက်က လက်ကျန် ကားဖြစ်တယ်။ ဆုံးခါနီးကျမှ  အစ်မနဲ့ သူနဲ့အဆင်ပြေပြီး သူပြောပြတယ်။ ငါ နင့်ကို အစတုန်းက အမြင်ကတ်တယ်တဲ့။ အစ်မက ဒီလိုပဲနေတတ်တာပါ။ ဒါတွေကတော့ အမှတ်တရတွေပါပဲ။ ကိုသားကြီးက အနုပညာနဲ့ပတ်သက်ရင် သိပ်ထူးချွန်တဲ့ မင်းသားတစ်လက်ပါပဲ။ သူ့နာရေးတုန်းက အစ်မက ကလောမှာလေ။ ကား ရိုက်နေတုန်း ကိုသားကြီးဆုံးတယ်လည်း ကြားရော ယုံတောင်မယုံဘူး။ဘယ်သား ကြီးလဲပေါ့။ မင်းသား သားကြီးဆိုတော့ အရမ်းတုန်လှုပ်သွားခဲ့တာပေါ့”
Pho Kyawဖိုးကျော်
”ကိုသားကြီးနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ပြန်ပြောတော့လည်း ဘာမှသိပ်မထူးတော့ပါဘူး။ အရာရာအားလုံးက ပြီးသွားခဲ့ပါပြီ။ ကိုသားကြီးကိုမေ့တဲ့လူကလည်း တော်တော်များများရှိနေပါပြီ။ မမေ့တဲ့လူတွေလည်း မမေ့ကြသေးဘူးပေါ့။ တချို့တွေ စကားထဲထည့် ပြောကြတယ်ဆိုရုံလေးနဲ့ တချို့တွေအမှတ်တမဲ့ ပြောရင်းနဲ့ပါသွားတယ် ဆိုတာမျိုးလေးတွေပဲရှိကြပါတော့တယ်။ စွဲစွဲလမ်းလမ်းနဲ့ သတိရနေသေးတဲ့လူတွေလည်း ရှိကြပါတယ်။ အခုအချိန်အထိ ကျွန်တော့်ဆီကို ကိုသားကြီးရဲ့ ရူးရူးမူးမူးပရိသတ်တွေက ကိုသားကြီး ကို သိပ်ချစ်တဲ့အကြောင်းတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောကြပါသေးတယ်။ ဇူလိုင် ၁၁ ရက်နေ့ဆိုရင် ကိုသားကြီးဆုံးတာ ၄ နှစ်တောင်ပြည့်တော့ မယ်နော်ဆိုတဲ့ လူတွေလည်းရှိပါတယ်။ ဟုတ်လား. . သြော် မှတ်တောင်မမှတ်မိတော့ဘူးဆိုတဲ့ လူတွေလည်းရှိပါတယ်။ ကျွန်တော် ကိုသားကြီးကိုပြောဖူးတဲ့ စကားလေးတစ်ခွန်းရှိတယ်။ လူတွေကတော့ အစ်ကိုအချိန်တွေကြာတဲ့အခါမှာ အရေအတွက် နည်းနည်းလေး ပဲ ကျန်ပြီးတော့ တော်တော်များများကတော့ မေ့သွားကြမှာပဲလို့”
ခင်မောင်ဦး၊ စိုးသိမ်းထွဋ်
”သားကြီးနဲ့စပြီးသိကတည်းက ‘ဝေလည်းမွှေး ကြွေလည်းမွှေး’မှာစသိတာ၊ သူက ပထမကျော်ဟိန်းရိုက်တဲ့ ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင်ဖူးတယ်။ အဲဒီ ကနေမှ ဒီဘက်ကိုရောက်လာတာ။ သူ့ကို ဇာတ်ကားကြီးအနေနဲ့ စရိုက်ဖူးတော့ သူ့ ရဲ့အိုက်တင်ပိုင်းကိုသိပ်မသိသေးဘူး။ သူ့ကိုအရင်ဆုံး ဇာတ်ညွှန်းပေးဖတ်တယ်။ပြီးတော့ ဇာတ်ညွှန်းအတိုင်းသူ့ကို သရုပ်ဆောင်ခိုင်းတယ်။ သူ့မှာ အနုပညာနဲ့ပတ်သက်ပြီး ပါရမီတစ်ခုရှိတယ်။ သားကြီးကကျတဲ့ကာရိုက်တာမှာ အကောင်းဆုံးဖြစ်အောင် တော့ သရုပ်ဆောင်တယ်။ ရှုတင်မှာလည်းသူဘာသာသူနေတယ်။ အိုက်တင်တွေဘာတွေလည်း သိပ်မလေ့ကျင့်ဘူး။ အိမ်မှာတော့ သူလေ့ကျင့်ရင်လေ့ကျင့်မှာ။ သား ကြီးက ဝေလည်းမွှေးကြွေလည်းမွှေးမှာ ပရိသတ်ကတော်တော်အားပေးတယ်။ အဲဒီနောက်ပိုင်းသားကြီးနဲ့ ရုပ်ရှင်ဇာတ်ကား တော်တော်များများ ရိုက်ကူးဖြစ်ခဲ့တယ်။ မိန်းမလည်သိန်းကြွယ်တို့၊ အမေ့ခြေရာတို့ ၊ အဖေနေရာတို့စတဲ့ ဇာတ်ကားတွေမှာ ဒါရိုက်တာညွှန်ကြားတဲ့အတိုင်း အိုက်တင်ပိုင်းကို သေချာလုပ်တယ်။ အမေ့ခြေရာ ဇာတ်ကားလေးမှာဆို သူ့ရဲ့အိုက်တင်ပိုင်းက တခြားသရုပ်ဆောင်တွေနဲ့မတူဘဲ အရမ်းကောင်းတယ်။ သားကြီးဆုံးတဲ့နေ့မှာ ကိုစူဝမ်းကဖုန်းဆက်တယ်။ အဲဒါနဲ့ တော် တော်စိတ်မကောင်း ဖြစ်သွားတယ်။ ဒါပေမဲ့သားကြီးရဲ့ အသုဘတော့ မသွားဖြစ်လိုက်ဘူး။ အဲဒီချိန်မှာ စီးတီးအက်ဖ်အမ်ကနေပြီး သားကြီးဆုံးသွားတဲ့ အမှတ်တရ အနေနဲ့ အနုပညာရှင်များ အင်တာဗျူးကိုထုတ်လွှင့်ခဲ့တယ်။ အဲဒီအစီအစဉ်လေးကိုလည်း ‘ဝေလည်းမွှေး၊ ကြွေလည်းမွှေး’ဆိုပြီး ခေါင်းစဉ်ပေးခဲ့တယ်။ အဲဒီနာမည်လေး ပေးထားတာက စီးတီးအက်ဖ်အမ်က ဘယ်လိုရည်ရွယ်ချက်ရှိရှိနဲ့ ပေးခဲ့ပေးခဲ့ အမှတ်တရတော့ဖြစ်သွားတယ်။ သူသာအခုချိန်မှာ ရှိဦးမယ်ဆိုရင်လည်း ပရိသတ်အမာခံ ရှိနေမှာပဲ။ သားကြီးက အချိန်မတိုင်မီကြွေလွင့်သွားတဲ့ ကြယ်ပွင့်တစ်ပွင့်ပါ။ ဒါပေမဲ့ ကြွေသွားပေ မယ့် အနုပညာလောကမှာ အခုချိန်ထိ တောက်ပနေဆဲပါ”

No comments:

Post a Comment