-->

Friday, May 4, 2012

ရင်ထဲက ဒွေး (1)

DwayScanယခင်အပတ်မှအဆက်
တစ်နေ့ ကျွန်တော့်အိမ်ကို ကိုဒေါလို့ ကျွန်တော်တို့ချစ်စနိုးခေါ်တဲ့ ကာတွန်း ဒေါနတစ်ဖြစ်လဲ ဒါရိုက်တာ ဒေါနရဲ့ ရှုတင်မန်နေဂျာမောင်မြင့်ဆွေ၊ သူတို့ အခေါ် (ကြွက် ပြူး)က (ကျွန်တော့် အမျိုးသမီးရဲ့ မောင် ဝမ်းကွဲ)ရောက်လာတယ်။ ကိုကျော် ခြံ ၁၁/ဘီ၊ ကမ္ဘာအေးဘုရားလမ်းမှာ ရှုတင်တည်ထားတယ်တဲ့။ ကားနာမည်က “သံယော ဇဉ်”ဦးကျော်ဟိန်း၊ ခင်သန်းနွယ်၊ ထွန်းအိန္ဒြာဗို၊ ထင်လင်းစသဖြင့်ပေါ့။ ကျွန်တော့်ကို ဇာတ်ပို့လုပ်ဖို့လာခေါ်တာ။ ကိုကျော့်မိတ်ဆွေ ကထိက ဇာတ်လမ်းထဲက  တက္က သိုလ် ဆရာဘော်ဒါခန်းနေရာမှာ သရုပ်ဆောင်ဖို့။ ဒါနဲ့ ကျွန်တော်လည်းလိုအပ်မယ့် အဝတ်အစားတွေယူပြီး လိုက်သွားတယ်။ ဖြစ်ချင်တော့ ဟိုမှာ အဲဒီနေရာ အတွက် လူကရောက်နေပြီ။ ဒါနဲ့ ကျွန်တော်လည်း ပြန်မယ်လုပ်တော့ ကိုဒေါက ရှုတင်ထမင်းစားပြီးမှ ပြန်ပါဆိုလို့ နေလိုက်ရတယ်။ အဲဒီမှာ မောင်မြင့်ဆွေ လက်ညှိုး ထိုးပြလို့ ကိုကျော်တူ “ထင်လင်း”ဆိုတာ တွေ့ဖူးတယ်။ ကိုကျော်ပေါက်စလေးပေါ့ဗျာ။ ဖျတ်ဖျတ်လတ်လတ်နဲ့ အင်း တောက်မယ့်မီးခဲခဲတရဲရဲလို့ စိတ်ထဲမှာ ကောက်ချက်ချခဲ့မိတယ်။ သူ့ကို ဒွေးဖြစ်လာမယ်ဆိုတာ များလားလို့တွေးမိတယ်။ ကိုကျော်ကလည်း အဲဒီတုန်းက သူ့ကို မြေတောင်မြှောက်ပေးနေတုန်း ရှိသေးတော့ အတတ် တော့ မထင်ရဲဘူးပေါ့ဗျာ။ နောက်တော့ ကျွန်တော်လည်းဗီဒီယို လောကထဲ ရောက်သွားတယ်။ ကိုကျော့် မိတ်ဆွေမှန်းသိကြတော့ အားလုံးဖက်လဲ တကင်း ပါပဲ။ ကျွန်တော့်ကို အရင်ဆုံး လက်ကမ်းကြိုဆိုခဲ့တာ ကိုမိုက် (ဒါရိုက်တာမိုက်တီး) ကိုမိုက်နဲ့က ခုထိ အဆက်အသွယ်မပြတ်ဘူး။ ကိုမိုး(လွင်မိုး)တို့၊ ကိုနိုင် (ကျော်ရဲ အောင်) တို့၊ မခိုင် (ထွန်းအိန္ဒြာဗို၊ မဆင့်(မေသန်းနု)၊ ဝိုင်း(ဒါရိုက်တာ ဝိုင်း)တို့နဲ့အတူတူ ရိုက်ခဲ့ဖြစ်တာ ကိုမိုက်ကျေး ဇူးပေါ့။ကိုမိုက်နဲ့က ခုထိ အဆက်အသွယ် မပြတ် ဘူး။ ကိုမိုး(လွင်မိုး) တို့၊ ကိုနိုင်(ကျော်ရဲအောင်)တို့၊ မခိုင်(ထွန်းအိန္ဒြာဗို)၊ မဆင့်(မေသန်းနု)၊ ဝိုင်း (ဒါရိုက်တာဝိုင်း)တို့နဲ့အတူတူ ရိုက်ဖြစ်ခဲ့တာ ကိုမိုက် ကျေးဇူးပေါ့။ အံ့သြဖို့ကောင်းတာက ရန်ကုန်-မန္တ လေး- ပြင်ဦးလွင်နယ်အနှံ့ ရိုက်ကွင်းတွေမှာ ကိုသားကြီးနဲ့ တစ်ခါမှ မဆုံခဲ့ဖူးဘူး။ ၁၉၉၄ နောက်ပိုင်း ကျွန်တော် မဂ္ဂဇင်းလောကထဲ ရောက်သွားပြန် ပါတယ်။ ဒီအချိန်မှာ ‘ဝေ လည်းမွှေးကြွေလည်းမွှေး’ဆိုတဲ့ ရုပ်ရှင်ကား ကြီးတစ်ကားထွက်တယ်။ အဲဒီကားမှာ ထင် လင်းကို ‘ဒွေး’အနေနဲ့ တွေ့လိုက်ရ တယ်။ ကို ကျော်ပြောခဲ့တဲ့အတိုင်းဝုန်းခနည်းပေါက်သွား တယ်။ ကျွန်တော်ဆိုတာ ပျော်လိုက်တာ။ ဖရဏပီတိဂွမ်းဆီထိသကဲ့သို့ပေါ့။ နောက်ထပ် ဒွေးရဲ့အောင်မြင်မှု တွေကိုတော့ စာဖတ်သူတို့ သိကြပြီးသားမို့ ဇာမချဲ့တော့ပါဘူး။ ဒွေးကား မှန်သမျှကျွန်တော်ရအောင်ကြည့်တယ်။ ကြည်နူးဝမ်းသာရတယ်။အဝေးက ပီတိဖြာ ပေါ့ ဗျာ။ ကိုကျော့်ကို လည်း မမေးခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်နဲ့ သူ့ရဲ့နှစ် ယောက်ပေါင်းအောင်မြင်မှုဆိုတာ ကျွန်တော် တို့နှစ်ယောက်လုံးရင်ထဲက သိပြီးသားမို့ ပေါ့။ မေးစရာလည်း မလိုအပ်ဘူးထင်လို့ပါ။ တစ်နေ့တော့ အဲဒီတစ်နေ့က တော် တော်ကြီးကိုထူးထူးဆန်းဆန်းတိုက်တိုက် ဆိုင်ဆိုင်နေ့ပေါ့ဗျာ။ တိုက်ပဲတိုက်ဆိုင်နိုင် လွန်းတယ်ဆိုရင်တောင် မလွန်ဘူး။ ဒါပေမဲ့ တကယ်ဖြစ်ခဲ့တာ။ ခုအချိန်ထိအံ့သြလို့မဆုံးဘူး။ကျွန်တော့် ကို နိမိတ်ပေးတယ်လို့တောင် ထင်မိပါရဲ့။ အဲဒီနေ့က ၂ဝဝ၇ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်။ ကျွန်တော်နေထိုင်တဲ့မြောက်ဥက္ကလာ ပမြို့နယ်က ‘မင်းရန်အောင်’ရုပ်ရှင်ရုံမှာ ‘ဆု တောင်းမှားသူများ’ဒီဗီဒီကားဝင်နေတယ်။ ဒွေး၊ရဲအောင်၊ မင်းဟိဏ်း၊ သားညီ၊ စိုးမြတ် သူဇာ၊ သက်မွန်မြင့်၊ ဒေါ်နွဲ့နွဲ့မူ၊ ဒါရိုက်တာ ညိုမင်းလွင်၊ ချမ်းသာ(ရွှေမန်းသဘင်)ရဲ့ ဝတ္ထုကို ပိုက်ထွေးဇာတ်ညွှန်းခွဲထားတဲ့ကား။ ကျွန်တော် သိပ်ကြည့်ချင်နေတဲ့ကား။ အိမ်က မိသားစုအားလုံးကိုခေါ်ပြီးသွားကြည့်တယ်။ ည ၈ နာရီမှာစပြပြီ။ ဆယ်နာရီခွဲလောက်မှာ ပြီးတယ်။ ရုပ်ရှင်ပြီးလို့ ပြန်လာတဲ့လမ်း တစ်လျှောက်လုံးကျွန်တော့်စိတ်တွေလေးလံ နေတယ်။ ဒွေးကို အဲဒီဒီဗီဒီမှာ ကြည့်ရင်း ကျွန်တော့်ရင်ထဲကတုန်ကယင်တွေဖြစ်တယ်။ သူ့သရုပ်ဆောင်ချက်တွေနဲ့ သူ့မျက်နှာကို ကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ စိုးရိမ်စိတ်တွေ တုန်လှုပ်မှုတွေဖြစ်နေမိတယ်။ တစ်လမ်းလုံး လည်း ဒီအကြောင်းပဲပြောမိတယ်။ အိမ်ရောက်လို့ ဧည့်ခန်း ထဲက ဆက်တီမှာ ထိုင်မိ ကြတော့လည်း ဒီအကြောင်းပဲထပ်ပြောမိ တယ်။ အိမ်ကမိသားစုတွေက ကျွန်တော် ဒွေးအပေါ်ထားတဲ့သံယောဇဉ်ကိုသိကြတော့ စိတ်ရှည် ရှည်နဲ့ နားထောင်ပေးကြတယ်။ ကျွန်တော်သူတို့ကိုပြောလိုက်တယ်။ နောက် တစ်ရက်နှစ်ရက်အတွင်း ဒွေးကို သွားတွေ့ မယ်လို့ပေါ့။ အရင်ကဆို အားလုံးက မသွား စေချင် ကြဘူး။တားကြတယ်။ သားအငယ်ဆုံး နိုင်နိုင် ကဆို ”အဖေပေးလိုက်တဲ့ နာမည်နဲ့သူ အောင်မြင်တယ်ဆိုတာ သူသိထားတာမှ မဟုတ်ဘဲ အဖေရယ်၊ သိပ် အောင်မြင်နေတဲ့ လူတစ်ယောက်ဆီကို အဖေသွားတွေ့ရင်  အဖေ့ကိုလိုလိုလားလားဆက်ဆံရင် ကောင်း တာပေါ့။ မကောင်းတတ်လို့ လက်ခံတွေ့ဆုံ ပေးရတာပါဆိုရင် အဖေအောက်သွားလိမ့် မယ်။အဖေပြောတာတွေကိုလည်း သူကယုံဦး မှ မယုံသင်္ကာဖြစ်နေရင် ပိုအခံရခက်မယ်။ သူ့ဆီကအခွင့်အရေးလိုချင်လို့ထင်နေပါ့မယ်။ သွားမနေပါနဲ့အဖေရာ”လို့ပြောခဲ့၊တားခဲ့တာ။ ဒီတစ်ခါတော့ ”အင်းလေ အဖေ့ရင်ထဲ မှာ ဒီလောက်ခံစားနေရတယ်ဆိုရင်တော့ သားမတားရက်တော့ပါဘူး။ သွားချင်ရင် လည်းသွားပေါ့”လို့ပြောရှာတယ်။ ကျွန်တော့်မှာ စီတီးအက်ဖ်အမ် ရေဒီယို က ဦးဦးအက်ဖ်အမ်ကို ပရိသတ်တွေ မေး လို့ဖြေကြားထားတဲ့ မင်းသား မင်း သမီးတွေနဲ့ သရုပ်ဆောင်တွေရဲ့ လိပ်စာတွေ လိုရမယ်ရ လိုက်မှတ်ထားတဲ့အထဲမှာ ဒွေးရဲ့ လိပ်စာ ရှိတယ်။ အဆင်ပြေတဲ့တစ်ရက် တတ်နိုင် သမျှစောစောသွားမယ်လို့ အားခဲထား တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် လိပ်ပြာသန့် တယ်။ ကိုကျော်ပေးတဲ့ အခွင့်အရေးတွေ တောင်ကျွန်တော်မယူခဲ့တာပဲ။ အခွင့်အရေး ဆိုတာ ကျွန်တော့်အတွက်တော့ အလွန် သတိထားရတဲ့အရာပါ။ ကျွန်တော်ဘာဖြစ်လို့ကိုသားကြီးဆီ သိပ် သွားချင်ရတာလဲဆိုတဲ့ အကြောင်းကို ပြောပြမယ်။ အဲဒီဒီဗီဒီကားထဲမှာ ဒွေးရဲ့မျက် နှာဟာ အရမ်းပင်ပန်းပြီးမျက်တွင်းတွေ ချောင်ကျနေတယ်။ သူဟာတစ်စုံတစ်ခုသော ဝေဒနာကိုခံစားနေရတယ်လို့ ကျွန်တော်ယူဆ မိတယ်။ ဒါကြောင့် သူ့ကို ကျန်းမာရေးနဲ့ ပတ်သက်ပြီးဂရုစိုက်ဖို့ သတိပေးချင်တာက အဓိကပါ။ နောက်ပြီး ကျွန်တော်ကိုယ်တိုင် လည်း ဝတ္ထု၊ ဇာတ်ညွှန်းတွေရေးနေတာဆို တော့ သူနဲ့လိုက်ဖက်မယ့် ဇာတ် လမ်းတွေ ကိုပေးချင်တာလည်းပါတယ်။ ဟိုတလော က ကိုမိုက်(ဒါရိုက်တာမိုက်တီး)ရဲ့ လက်ထောက် ကျော်ကျော်က ဒွေးနဲ့ရိုက်ဖို့ ဇာတ်ရှာ နေတယ်၊ ရှိရင်ပေးပါဆို လို့ တစ်ပုဒ်ပေးထား တာ။ ကိုမိုက်ကတော့ သဘောကျ သလို လိုပဲလို့ပြောထား တာလည်းရှိရဲ့။ အဲဒီအကြောင်း လေးတွေလည်း ပြောရင်းပေါ့။ ဒါ ကြောင့် သူ့ဆီသွားတဲ့ အခါအချက် အလက်လေးတွေပြည့် ပြည့်စုံစုံပါသွားအောင် ကြို တင်ပြင်ဆင်မှုတွေလုပ်ဖို့စဉ်းစားမိတယ်။ သူကတော့ ကျွန်တော့်ကို ဘယ်နည်းနဲ့မှ မသိ နိုင်ဘူး။ ဒီတော့ ကျွန်တော်ကပဲမိတ်ဖွဲ့ပြီး တော့ ကျွန်တော်သူ့ဆီလာခဲ့ရခြင်းအကြောင်း တွေ ပြောပြမယ်ပေါ့။ ကိုယ့်အတွေးနဲ့ကိုယ်က တော့ ဟုတ်လို့” ကျွန်တော်က ညလုံးပေါက် အလုပ် ထိုင်တတ်တဲ့သူမို့ မနက် ၅ နာရီကျော်မှ အိပ်ရာ ဝင်လေ့ရှိတယ်။ အဲဒီဇူလိုင်လ ၁ဝ ရက်နေ့ ည ဒွေးရဲ့ ဒီဗီဒီကားကြည့်ပြီး အိမ်ပြန်ရောက်၊ ဒွေးအကြောင်း ပြောပြီးတော့ ည တစ်နာရီထိုးပြီးနေပြီ။ အိမ်ကလူတွေလည်း အဲဒီတော့မှ အိမ်ရာဝင်ကြရတယ်။ ကျွန်တော် ဟောတဲ့ ဒွေးတရားနာနေကြတာလေ။ ဒါနဲ့ ကျွန်တော့် စားပွဲက လုပ်လက်စအလုပ်တွေ ဘေးချပြီး ဒွေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို စီစဉ် လိုက်တာ။ မနက် ၆ နာရီကျော်သွားတယ်။ မျက်နှာသစ်၊ ခြေလက်ဆေးကြောပြီး အဆာ ပြေစား၊ ဘုရားရှိခိုးပြီးအိပ်ရာဝင်တော့  မနက် ၈ နာရီထိုးနေပြီ၊ အဲဒီနေ့က ၂ဝဝ၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ပေါ့ဗျာ။ ကျွန်တော် အိပ်မောကျသွားတယ်။ အိပ်ရာကနိုးတော့  ညနေ ၄ နာရီ ရေမိုးချိုး၊ ညစာစား ပြီး ည ၉နာရီလောက်မှာ ထုံးစံအတိုင်းအလုပ်စားပွဲ ထိုင်လိုက်တယ်။ ဒွေးနဲ့တွေ့ရင်လိုအပ်မယ့်ကိစ္စတွေ ဆက် စီစဉ်နေမိတယ်။ ည ၁ဝ နာရီကျော် ကျော် လောက် သားနိုင်နိုင်အပြင်ကပြန်လာတယ်။ မျက်နှာမကောင်းဘူး။ ဆက်တီကုလားထိုင် တစ်လုံးမှာ တွေတွေဝေဝေနဲ့ ဝင်ထိုင်တယ်။ တစ်ခုခုဖြစ်လာပုံပဲ။ ကျွန်တော့် မျက်နှာကို လှမ်းကြည့်လိုက် စဉ်းစားလိုက်နဲ့ ချီတုံချတုံ ပုံစံကအတွင်းသားပေါ်နေတယ်။ ကျွန်တော် က ”နိုင်နိုင် . . .သား . . ဘာ ဖြစ်လာလို့လဲ”ဆိုတော့ သူသက်ပြင်း ချလိုက်တယ်။ ခေါင်းကိုတစ်ချက်နှစ် ချက်ကုပ်လိုက်ပြီး ”အဖေသိရင် စိတ် မကောင်းဖြစ်တော့မှာပဲ။ ဒါပေမဲ့ သားမပြော လည်း နောက်ဆို အဖေသိမှာဆို တော့ ပြောပြပါ့မယ့်..ကို ကိုသားကြီး ဆုံးသွားပြီတဲ့ အဖေ. . .” ”ဘာ. . .ဘာပြောတယ်။ ကိုသားကြီးဆုံးသွားပြီဟုတ်လား။ မဖြစ် နိုင်ပါဘူး။ မ နောက်ပါနဲ့ကွာ။ ငါသံယော ဇဉ်ကြီးမှန်းသိ လို့စတာမဟုတ်လား။ ဒါမှ မဟုတ် မင်းကြည့်လာတဲ့ ဗီဒီယိုကားထဲက ဇာတ်ဝင်ခန်းထဲမှာမဟုတ်လား… ဖွဟဲ့ လွဲပါစေပယ်ပါစေ ကျွန်တော်မယုံသင်္ကာနဲ့ မေးလိုက်မိတယ်။ ယုံလည်းမယုံဘူး။ သားမနောက်ဘူးအဖေ။ တကယ်ဆုံး သွားတာ ညနေ ၅ နာရီလောက်ကတဲ့။ အလောင်းတောင်ရေဝေးကို ပို့လိုက်ပြီတဲ့။ အဖေမယုံရင် လမ်းထိပ်ကို ထွက်ကြည့်လိုက် လူတွေဒါပဲပြောနေကြတယ်။ ကျွန်တော့်ရင်ဘတ်ကြီးတစ်ခုလုံးပွင့်ထွက် သွားသလိုပဲ။ လေဟာနယ်ကိုလွင့်သွား တယ်။ နားတွေအူပြီး၊ မျက်စိတွေပြာသွားတယ်။ ကျန်တာတွေတော့ ကျွန်တော်မပြော လိုတော့ပါဘူး။ အားလုံးလည်း ကျွန်တော့်လို ပဲသိကြရခံစားခဲ့ကြရမှာပါ။ ကျွန်တော်က တော့ အိပ်မက်ထဲမှာ လမ်းလျှောက်တဲ့လူ လိုဖြစ်ရပါတော့တယ်။ မဖြစ်ခံနိုင်ရိုးလား ‘ဒွေး’ ဆိုတော့ ကျွန်တော့် ရင်ဘတ်ထဲက ဖြစ်ပေါ် လာတဲ့ အနုပညာနဲ့ ဖန်တီးရုပ်လုံးဖော်ခဲ့တဲ့ သား မဟုတ်လား။ ဒွေးကွယ်လွန်သွားတဲ့အတွက် ကိုကျော် ရော ကျွန်တော်ပါရင်ကွဲပက်လက်ပေါ့။ ကို ကျော်က ပေါ်တင်ရင်ကွဲသလို ကျွန်တော်က ကွယ်ရာမှာ ကြိတ်မှိတ်ရင်ကွဲပေါ့ဗျာ။

No comments:

Post a Comment